Wednesday, 10 August 2011
မျှော်လင့်ချက် မနက်ဖြန်
နောက်ဆုံးစက္ကန့် တွေ အထိ
ယုံကြည်ချက်တွေ ခိုင်မြဲလို့ 
မျှော်လင့်ချက် မနက်ဖြန်အတွက် ရှင်သန်နေမယ်...။
ရွှေပြည်တော်မျှော်လေတိုင်းဝေးပေမယ့်
တစ်နေ့ နေ့ တော့ရောက်လိမ့်မယ်..။
အတောင်ပံတွေဖြန့် ...
ကျယ်ပြန့် တဲ့ ကောင်းကင်ပြာထဲမှာ
အဆုံးမမြင်နိုင်တဲ့  သမုဒ္ဒရာပြင်ထဲမှာ
ပျံသန်းခြင်းတွေကို ဘယ်တော့မှ အဆုံးမသတ်ဘူး...။
နောက်ဆုံးဝင်သက် တစ်ရှိုက်အထိ
ငါ အသက်ဆက်နေခဲ့တာ
ရွှေရောင်တွေ တောက်ပလင်းလက်မယ့်
အဲဒီ မျှော်လင့်ချက်မနက်ဖြန်အတွက်ဖြစ်တယ်....။
ကျောင်းနံရံက ကျည်ဆန်ရာတွေကိုမြင်တိုင်း
နှလုံးသားဆီက ဒဏ်ရာတွေနာကျင်တိုင်း...
ရင်နဲ့ ရင်းခဲ့ရတဲ့မေတ္တာတွေ
ဘ၀နဲ့ ရင်းခဲ့ရတဲ့သစ္စာတွေ
မာန နဲ့ ရင်းခဲ့ရတဲ့ အကြင်နာတွေ
ပြီးတော့
ဥပေက္ခာပြုခံရတဲ့  မြတ်နိုးခြင်းတွေ
အဲဒီအရာတွေကို ပြန်လည်ပိုင်ဆိုင်ခွင့်ရမယ့်
မျှော်လင့်ချက်မနက်ဖြန်အတွက် ငါ အသက်ဆက်နေတယ်..။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment