Tuesday 9 August 2011

နင့်ကိုငါချစ်တယ်ဟုတ်လား ......................။

နင်ငါ့ကို ချစ်တယ် ဟုတ်လား..........။

မကြားပါရစေနဲ့ နော်.....။ နင့်ဆီက ငါ့ကို ချစ်တယ်ဆိုတဲ့ စကားလေး မကြားပါရစေနဲ့ ..မကြားချင်လို့  မဟုတ်ခဲ့ရပါဘူး...။ မကြားရက်လို့ ပါ..။ ကြားဝံ့ တဲ့ သတ္တိတွေ ငါ့မှာ ခမ်းခြောက်နေလို့ ပါ....။

ငါလေ......နင့်ဆီက ချစ်တယ်ဆိုတဲ့ စကားကို စိတ်ကူးယဉ်ပြီး အကြိမ်ကြိမ်ကြားယောင်ခဲ့ဖူးတယ်..နင်ငါ့ကို ချစ်တယ်လို့  နင့်ပါးစပ်က ဖွင့်မပြောခင် နင့်နှလုံးသားက ငါ့နှလုံးသား တံခါးကို လာခေါက်စဉ်ကတည်းကပေါ့...။

နင့်ကို ချစ်တယ်လို့  ပြောဖြစ်တော့မယ့် ငါ့နှုတ်ခမ်းကို ငါ့ကိုယ်တိုင် ကိုက်နေရင်း အကြိမ်ကြိမ်သတိပေးနေရတာ နင်မှ မသိနိုင်ပဲ...။နင့်ကို ချစ်တယ်လို့  စာတိုလေးရေးဖို့  လှုပ်ရှားနေတဲ့ ငါ့လက်တွေ အချင်းချင်းကို ငါကိုယ်တိုင် စုပ်နယ်နေမိတာ နင်မသိစေရဘူး....။ နင့်အတွက်ကြောင့် အခုန်မြန်နေတဲ့ ငါ့နှလုံခုန်သံ ကြမ်းကြမ်းရိုက်ခတ်သံကို နင် မကြားစေရအောင် ငါ ဆွံ့ အခြင်းဆိုတဲ့ အခန်းငယ်လေးထဲ မြုပ်နှံထားခဲ့ရတာ နင်မသိခဲ့ဘူးမဟုတ်လား....။

နင် မသိစေရပါဘူး...ငါနင့်ကို ငါ့ရဲ့ ခံစားမှုတွေ သိခွင့်မပေးဘူးနော်...။ဖန်လာတဲ့ အခြေအနေမှာ ငါ လှည့်ဖြာတတ်တဲ့ အချစ်တစ်ခုအောက်ကို နာခံမှုကင်းစွာ မတိုးဝင်ခဲ့တာကို ခွင့်လွတ်ပါ..။ စထဲကနေ မှားနေတဲ့ အခြေအနေတစ်ခုအတွက် မလှမပတဲ့ ဇာတ်သိမ်းဖြစ်လာမှာ သေချာနေပြီးမို့  ဆက်ပြီးမကပြစေနဲ့ တော့နော်..။

ငါ လိမ်ညာလှည့်ဖြားတတ်တဲ့ မာယာရှင် အဖြစ်မရောက်ချင်လို့ ပါ..။ ငြင်းဆန်နေတာ မချစ်လို့ မဟုတ်ရပါဘူး..။ နင်သိထားတဲ့ အခြေအနေ တစ်ခုမှာ ငါဟာ သစ္စာမဲ့သူတစ်ယောက်မဖြစ်ချင်လို့ ပါ...။မျက်နှာများသူ ဆိုတဲ့ စကားလုံးကို ငါကိုယ်တိုင်မနှစ်သက်တတ်ခဲ့တာမို့  ရှိသမျှ ခွန်အားနဲ့  ကြိုးစားပြီး ရုန်းကန်ပါရစေနော်..။

လက်တွဲရန် မဖြစ်နိုင်ဘူး ဆိုတဲ့ အခြေအနေတစ်ခုအောက်မှာ ငါ အလူးအလဲ ပင်ပမ်းကြီးစွာ ကပြခဲ့ဖူးပြီးပြီ..။ နောက်တစ်ကြိမ် ဆုံဖို့ ရန် ခက်ခဲတဲ့ အခြေအနေ ဝေးကွာမှု တစ်ခုအောက်ကို မိုက်မဲစွာ အတိုးဝင်ပါရစေနဲ့ တော့နော်..။

ငါ့နှလုံးသားတွေ ခံနိုင်ရည်မရှိပဲ နာကျင်နေလွန်းလို့ ပါ..။ ငါ့နှလုံးသားက အရမ်းသေးငယ်ပြီး နူးညံ့ နုနယ်တယ်..။ ငါ သူ့ ကို ဒဏ်ရာတွေ တစ်ကြိမ်ပြီးတစ်ကြိမ် မပေးစေချင်တော့ဘူး...။ဒီတော့ ကြမ်းတမ်းတဲ့ ငါ့ခန္ဓာကို အိပ်ပျက်ညတွေနဲ့  နှိပ်စက်ပြီး နူးညံ့သေးငယ်ပြီး အထိအရှ မခံနိုင်တဲ့ ဒီနှလုံးသားလေးကို ငါ တတ်စွမ်းသလောက် အစွမ်းကုန် ကာကွယ်ပါရစေ...။

ရှည့်လဲ လျှောက်သာ ပျားလဲစွဲသာ ဆိုတဲ့ စကားလုံးကို ငါ မရင်းနှီးခဲ့ဘူး...။ ရိုးသားချင်းဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကိုသာ ပိုင်ဆိုင်ချင်ခဲ့သူပါ..။

ငါ့အတွက် အဆိုးရွားဆုံးခံစားချက်ကတော့ ထိုင်နေအကောင်းကြီး ထမှ ကျိုးမှန်းသိဆိုတဲ့ စကားပုံလေးလို ပုံမှန်တွေ့ နေကြ နင့်ကို မတွေ့ ရတော့မှာကို စိုးရိမ်ပူပမ်နေမှုပဲ...။ နင်နေ့ စဉ် ငါ့ရှေ့ ရောက်မလာခဲ့တာတောင်မှ နင်ပြောထားတဲ့ အခြေအနေနဲ့  နင် ငါ့နားမှာ အမြဲတမ်း ရှိနေသေးတယ်ဆိုတဲ့ အသိ ၊ အချိန်တန်ရင် နင်ရောက်လာခဲ့မယ်ဆိုတဲ့ အသိလေးနဲ့  ငါ ရှင်သန်ခွင့်ရနေသေးလို့  ငါ့အတွက် လုံခြုံနေပါသေးတယ်..။ တစ်နေ့ နင့်ကို မတွေ့ ရတော့ရင်လို့  တွေးပြီး ငါ အိပ်မက်ဆိုးမှာ ခြောက်ခြားခဲ့တာ နင် မသိနိုင်ဘူးလေ..။

ငါ့ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ လှိုင်းကြပ်ခွပ်ကို လူကြားကောင်းအောင် ငါ ဘယ်လိုပဲ အမည်တပ်တပ် ၊ ဘယ်လိုပဲ အရောင်တွေ ပြပြ ငါ့ကိုယ်ငါတော့ မညာနိုင်ခဲ့ဘူး..။နင့်ကို မျှော်နေမိတဲ့ ငါ့မျှော်လင့်စိတ်ကို ငါ မသတ်နိုင်ခဲ့ဘူး...။ ငါ့ကိုယ်ငါလဲ အကြိမ်ကြိမ် အပြစ်ပေးနေမိတယ် ..။

နင်နဲ့ ငါ.....ချည်တိုင်နဲ့  နွယ်ပင်လို တစ်ယောက် ရှင်သန်မှုအတွက် တစ်ယောက်ရပ်တည် ပေးနေရတဲ့ အခြေအနေမှာ ငါ ဘာလို့  ရပ်တည်ပေးသူ မဖြစ်ခဲ့တာလဲ..။ ဘယ်နေရာမှ အသုံးမကျတဲ့ ငါ့ကိုယ်ငါ ဒီတစ်ခါ အားငယ်မှုတွေနဲ့  ဝမ်းအနည်းဆုံးပဲ....။ နင့်အတွက် ငါဟာ ခပ်ညံ့ညံ့တစ်ယောက်ပါ..။ နင့်ကို ငါ့အနားအမြဲတမ်း နေစေချင်နေတဲ့ အတ္တတွေပြည့်လျှံနေသူ တစ်ယောက်ပါ...။

သစ္စာရှင် ... ဝင်းနိုင်ထွန်း ...

No comments:

Post a Comment